ယုံကြည်မှု
မိတ်ဆွေသူငယ်ချင်းများက "ယုံကြည်မှု" နဲ့ပတ်သက်ပြီး ကျွန်တော့်အမြင်ကို မေးခဲ့ဖူး ပါတယ် ၊၊ ဒီမေးခွန်းရဲ့
တိုက်ရိုက်တုန့်ပြန်မှု အဖြေကိုကျွန်တော်မသိပါဘူး ၊၊ ဒီ စာလုံးရဲ့ အဓိပ္ပါယ်ကို အဘိဓာန်စာအုပ်တွေမှာလည်း
ကျွန်တော်သွားရှာဖို့မကြိုးစားခဲ့ပါဘူး၊၊ "ယုံကြည်မှု" ဟာပုဂ္ဂိုလ်ရေးရာနဲ့သာ သက်ဆိုင်ပြီး အဘိဓာန်စာအုပ်
တွေက ပြီးပြည့်စုံတဲ့အဓိပ္ပါယ်ကို ဖွင့်ဆိုပေးနိုင်မှာမဟုတ်ဘူးလို့စိတ်ထဲ ခံစားမိလို့ပါ၊၊ စိတ္တဇနာမ်တစ်ခုလိုပေါ့ ၊၊
ကျွန်တော့်အတွက်တော့ "ယုံကြည်မှု" ဟာ လစ်ဟာနေတဲ့နေရာလပ်တွေကိုဖြည့်စွက်ပေးတဲ့အရာတစ်ခုလိုပါပဲ၊၊
စကြ၀ဋ္ဌာကြီးရဲ့ နိုးကြားစေခိုင်းခြင်းနဲ့ထိတွေ့လှုံ့ဆော်ခြင်းတစ်ခုပါပဲ၊၊ နားလည်သဘောပေါက်စေခြင်းသာမက
ခံစားမှုအရာတွေကိုလည်း သူကပေးစွမ်းပါတယ်၊၊ ဆွေမျိုးအပေါင်းအဖော်များစွာ ၊သူငယ်ချင်းပေါင်းမြောက်မြား
စွာ ရှိနေလင့်ကစား၊ အထီးကျန်ဆန်မှု တွေဝေမှုတွေဟာ နက်ရှိုင်းတဲ့နေရာတစ်ခုမှာ အမြဲရှင်သန် တည်ရှိနေ
တတ် ပါတယ်၊၊ "ယုံကြည်မှု" ဟာ ထိုအရာတွေအားလုံးကို အဝေးသို့ဖယ်ရှားပေးပါတယ်၊၊
ကျွန်တော့်ကို ဦးဆောင် စိမ်ခေါ်မှုတွေပေးပြီး ၊ ပြီးမြောက်အောင်မြင်ဖို့အတင်းအကျပ် စေခိုင်းတတ်ပါသေးတယ်၊၊ဒီ "ယုံကြည်မှု" ဆိုတဲ့
အရာတစ်ခုသာ ကျွန်တော်သိချင်တဲ့ "ကျွန်တော်ဟာဘာလဲ" ၊ "ကျွန်တော့်ဘ၀ရည်ရွှယ်ချက်ကဘာလဲ" ..... အစ
ရှိတဲ့ မေးခွန်းတွေကို ဖြေပေးနိုင်ပါတယ်၊၊ ကျွန်တော် "ယုံကြည်မှု" ကို လက်ခံသက်ဝင်ပြီဆိုတာနဲ့ကျွန်တော့်
အတွက် ထူးခြားတဲ့အစွမ်းတွေဟာအလိုလိုပိုင်ဆိုင်လာပါတော့တယ် ၊၊အမြင်တွေကိုလည်း ဆန်းသစ်လာစေပါတယ်၊၊
ဗဟုသုတ၊ ဥာဏ်ပညာတွေကိုလည်း တမုဟုတ်ခြင်း တိုးပွားလာစေပါတယ်၊၊တစ်ခြားသူတွေနဲ့ ပြောဆိုဆွေးနွေးဖို့ ၊
အကြံဥာဏ်ကောင်း တွေပေးစွမ်းနိုင်ဖို့ ကိုလည်း ကျွန်တော့်ကို ထို "ယုံကြည်မှု" အရာက ပံ့ပိုးပေးပါတယ် ၊၊
အမှန်စင်စစ် "ယုံကြည်မှု" ဆိုတဲ့အရာဟာ ရိုးရှင်းလှတဲ့ အရာတစ်ခုပါ၊၊ လွန်ကဲထူးခြားတဲ့ စွမ်းရည်သတ္တိ တွေနဲ့ ပေါက်ဖွားဖြစ်တည်လာတာမဟုတ်ပါဘူး၊၊ သူ့အတွက်အဖြေဆိုတာတွေလည်းမရှိပါဘူး၊၊ ဒါပေမယ့် သူဖြစ်တည်ရှိ
လာပြီဆိုတာနဲ့ကျန်တဲ့အရာပေါင်းများကို အလိုအလျောက်ပြီးမြောက်စေပါတော့တယ်၊၊ဒီအရာတွေ အားလုံးဟာ
"ယုံကြည်မှု" ကိုဖွင့်ဆိုတဲ့ ကျွန်တော့်ရဲ့အမြင်တွေပါ၊၊ ကျွန်တော်တို့အားလုံးမှာ ကွဲပြားခြားနားတဲ့ ကိုယ်ပိုင်အဓိပ္ပါယ်
ဖွင့်ဆိုချက်တွေ ရှိတတ်ကြပါတယ်၊၊ ဒါကြောင့်ကျွန်တော်လက်ခံယုံကြည်တဲ့ အမြင်တွေဟာ မှားယွင်းကောင်း မှားယွင်း
နိုင်ပါတယ်၊၊ ကွဲလွဲမှုတွေရှိ နိုင်ပါတယ် ၊၊
ဘာပဲဖြစ်ဖြစ် ၊ဘယ်လိုအဓိပ္ပါယ်ဖွင့်ဖွင့် အရေးမကြီးပါဘူးလေ၊၊ နောက်ဆုံး ကျွန်တော်တို့အားလုံး ဒီ "ယုံကြည်မှု"
ဆိုတဲ့အရာကို တစ်နေ့လက်ဝယ်ပိုင်ပိုင် ဆုပ်ကိုင်နိုင်ဖို့ဆိုတာ သာ အဓိကကျ လိုအပ်ပါတယ်၊၊ ၊၊
စံနမူနာဖြစ်ခြင်း သဘော
ကျွန်တော် ဒီ (စံနမူနာဖြစ်ခြင်းသဘော) စကားလုံး ရဲ့နက်နောကျယ်ပြန့်မှု အဓိပ္ပါယ်ကို ရှာဖွေဖို့ကြိုးစားခဲ့ပါတယ်၊၊
ကျွန်တော် တို့သင်ကြားခဲ့ရတဲ့ ဘာသာရပ်များ ၊ နိယာမများ ၊ လူ့လောကပတ်ဝန်းကျင် နယ်ပယ်များ ၊ အယူ
အဆများ နှင့် ယုံကြည်လက်ခံမှုများ စသောအလွှာ ပေါင်းစုံ မှာလည်း ဒီစကားလုံး ကိုလေးနက်စွာ ပြဌာန်းသုံးစွဲ
ကြပါသေးတယ်၊၊ ဒီ (စံနမူနာဖြစ်ခြင်းသဘော) စကားလုံးက ဘာကိုဆိုလိုချင် ပြောပြချင်တာပါလဲ ၊၊ သဘာဝ
တရား ရဲ့စစ်မှန်မှုများ ၊ အတွေး ၊တန်ဖိုးထားအရေးပါမှုများ ၊ အနှစ်သာရများ ကိုအခြေခံဖွဲ့စည်းထားသော
စကားလုံးအဖြစ် စာအုပ်များ ၊၀က်ဘ်ဆိုက်များမှာ ဖွင့်ဆိုထားကြပါတယ် ၊၊ ကွဲပြားလှတဲ့ ရောင်စုံ အမြင်တွေနဲ့ပေါ့ ၊၊
လူတိုင်းလူတိုင်း ရဲ့စံနမူနာ (Ideal) ဖြစ်တည် ရှိမှုတွေ၊ လက်ခံမှုတွေဟာ မတူနိုင်ကြပါဘူး ၊၊ တစ်ချို့သူ တွေ
အတွက်တော့ ကျောက်ခဲတစ်လုံးဟာ သူတို့အတွက် စံနမူနာ (Ideal) ဖြစ်နိုင် သလို၊ တစ်ချို့ သူတွေ အတွက်
သူတို့ရဲ့ချစ်မြတ်နိုးခြင်း အရာများဟာ သူတို့ရဲ့စံနမူနာတွေ ပါပဲ ၊၊ စစ်မှန်တဲ့ စံနမူနာထားခြင်းတွေဟာ မည်မျှပင်
သေးငယ်ပါစေ အလွန်တရာ တန်ဖိုးရှိလှ ပါတယ် ၊၊ခန္ဓာကိုယ်ထဲမှာတစ်ဖြည်းဖြည်းနဲ့ ရှင်သန်ကြီးပြင်း အမြစ်တွယ်
တတ်တဲ့အတွင်း စိတ်တစ်ခုလိုပါပဲ ၊၊ ရှည်လျားလှတွေ အချိန်ကာလတေ၊ွ စမ်းသပ်မှုတွေများစွာနဲ့တည်ဆောက်ယူ
ကြရတာပါ ၊၊ စံနမူနာထား ဖြစ်တည်ခြင်းတွေဟာ အမြဲတမ်းတစ်ခုတည်း သဘောကိုဆောင် ပါတယ်၊၊အယူသီး မှု
တွေ၊ ယုတ္တိမတန်မှုတွေ ၊ မမျှတမှုတွေ ရှိနေလင့်ကစား စံနမူနာထားခြင်း ဟာ အမြဲ ရှင်သန်နေတတ်ပါတယ် ၊၊သူ့မှာ
ကိုယ်ပိုင်ဘ၀ရှိပါတယ်၊၊ ဒါကြောင့်လည်းကျွန်တော်တို့ အားလုံး အတွက် စံနမူနာဖြစ်စေတဲ့ အကြောင်းအရာ ၊
အယူအဆ ၊ ပုဂ္ဂိုလ် ၊ ဘာသာတရားတွေ အားလုံး ရှိနိုင် မွေးထုတ်ပေး နိုင်တာပါပဲ ၊၊
ဒီစကားလုံး ရဲ့ အနက်ဟာအလွန်သိမ်မွေ့လှပါတယ် ၊၊ သူ့ကြောင့်လည်း ကျွန်တော်တို့တွေအားလုံး တစ်ယောက်နဲ့
တစ်ယောက် စစ်မှန်တဲ့ ယုံကြည်မှုတွေ ၊ချစ်ခင်မြတ်နိုးမှုတွေ၊ တန်ဖိုးထား လေးစားမှု တွေနဲ့ ညီညွတ်နေနိုင် ကြတာပါ၊၊
ဒါပေမယ့် ဒီစစ်မှန်တဲ့ စံနမူနာ (Real ideal) ထားခြင်းတွေဟာ လူတွေကဖန်တီးလုပ်ယူတဲ့ စံနမူနာထား ခြင်းတွေရဲ့နောက်
မှာသာအမြဲပုန်းကွယ် နေတတ်ပါတယ် ၊၊နှင်းဆီပန်းပွင့်ရဲ့ ပွင့်ဖတ် နောက်မှာ အမြဲကွဲဝှက်နေတတ်တဲ့ ပန်းရနံ့လိုပါပဲ ၊၊ဒါဟာ
လည်း စံနမူနာ (Ideal) ဖြစ်ခြင်းသဘောရဲ့ နက်ရှိုင်းတဲ့ အလှတရား တစ်ခုပါပဲလေ ၊၊ ၊၊
နောက်ဆုံး ရက်များ (လွတ်မြောက်ခြင်း)
ထို ရက်များကို ကျွန်တော် ဘ၀မှာ ပထမဆုံးအကြိမ်အဖြစ် ကြောက်လန့်မိခဲ့ပါတယ် ၊၊ကိုယ့်ကိုကိုယ်လည်း ပြန်ပြီးကြောက်
နေခဲ့မိတယ် ၊၊ အတိတ်တွေ ၊ ပစ္စုပ္ပန်တွေ ၊ အနာဂတ်တွေ အားလုံးအတွက် ကိုလည်း ကြောက်လန့်နေမိခဲ့ပါတယ် ၊၊
တစ်ယောက်တည်း ဆောက်တည်ရာ မရစွာ၊ ရှုးသွပ်ထိတ်လန့်မှု အားငယ်မှုတွေများစွာ နဲ့ပေါ့ ၊၊ ဒါပေမယ့် ကျွန်တော့်ရဲ့ အသိဥာဏ်ကလည်း စွဲမြဲ မှတ်မိနေတဲ့ အရာတစ်ခုနဲ့ ကျွန်တော့်ကို ၀င်ရောက်ချိန်ထိုး အားပေးနေခဲ့ပါတယ် ၊၊ ကန့်သတ်
ထိန်းချုပ်မှုများ အားလုံးရဲ့ အဆုံး နောက်ကွယ်မှာ အမြဲတည်ရှိနေတဲ့ "လွတ်မြောက်ခြင်း" ဆိုတဲ့ အရာကိုပါပဲ ၊၊
ကျွန်တော် ယုံကြည်တဲ့ "လွတ်မြောက်ခြင်း" အရာတစ်ခုသာ ၊ထိုကန့်သတ်ထိန်းချုပ်ခြင်း (နောက်ဆုံးရက်များ) များကို
ရင်ဆိုင် နိုင်အောင် ပြင်းပြစွာလှုံ့ဆော်မောင်းနှင်ပေးနိုင်မယ့် သူပါ ၊၊အစွန်းရောက်မှုများကို လက်ကိုင်ထားမောင်းနှင်တတ်
ကြတဲ့ ကျွန်တော့်လို လူတွေလည်း ရှိကောင်းရှိကြဦးမှာပါပဲ၊၊ ဘ၀ရဲ့ အနားစွန်းများမှာ ရှုးသွပ်နေတတ်ကြတဲ့ အထူးအဆန်း ကြီးတွေလိုပေါ့လေ ၊၊ ကျွန်တော်တို့တွေဟာ မအိပ်စက်မှီ မိုင်ပေါင်းများစွာကို လျှောက်ခဲ့ ဖြတ်သန်းခဲ့ကြပါတယ် ၊၊ ဒါပေမယ့်
ခုန်ကူးဖို့ အတွက်တော့ စိုးရွံ့ထိတ်လန့်နေတတ်သေးတယ် ၊၊ထိုစိုးရွံ့မှုတွေကိုဖြစ်စေတဲ့ အဆိုးဆုံး အရာကတော့ ကိုယ့်ရဲ့
ကြောက်လန့် စိတ် ကိုယ်တိုင်ပါပဲ၊၊ ဘာပဲဖြစ်ဖြစ်လေ မကောင်းဆိုးဝါး တစ်ကောင်ကို တစ်သက်မှာ တစ်ခါမြင်ရ တွေ့ရတတ်
စမြဲပါ ၊၊ကျွန်တော်ကိုယ်တိုင်ကလည်း အံ့သြနေမိအုံးမှာပါ ၊၊ထိုကွဲပြားလှတဲ့ မကောင်းဆိုးဝါးတွေ ဘယ်လိုတူရာကို ရွေးပေါင်း တတ်ကြမလဲ လို့လေ၊၊
ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေနဲ့ ကျွန်တော်အမြဲ ယုံကြည်ပါတယ် ၊၊တစ်နေ့တော့ ကျွန်တော့်ဆန္ဒတွေဆီကို အရောက်
သွားနိုင် မှာပါ ၊၊ မသေဆုံးခြင်း အမှန်တရားတွေ နဲ့ပေါ့ ၊၊ ၊၊
ညီမ ရွန်းမီ နဲ့ ညီမ DREAM တို့က ခင်မင်စွာနဲ့ tag ထားတာပါ ၊၊ အတ္တပုံဆောင်ခဲများ နဲ့ပြည့်နေတဲ့ ကျွန်တော့်အတွက်
အရေးခက် အတွေးခက် ပါပဲ ၊၊ ကိုယ်တိုင်ပြင်ဆင်မှုတွေနဲ့ဘ၀ ရဲ့နောက်ဆုံးရက်တွေ ဖြတ်ကျော်နိုင်ဖို့ဆိုတာ ကျွန်တော့်
အတွက် ယခုရေးချိန်မှာ တောင် စဉ်းစားရင်း အစီစဉ်မကျလှပါဘူး ၊၊ဘာပဲဖြစ်ဖြစ် ဘယ်လိုအကြောင်းကြောင့်ပဲ ဖြစ်ဖြစ်
ကျွန်တော့်ရဲ့ နောက်ဆုံးအချိန်တွေကို အငြိမ်းချမ်းဆုံးပဲ ဖြတ်သန်းသွားချင်ပါတယ် ၊၊ ပစ္စုပ္ပန်ဘ၀ ကိုကျေနပ် ပါတယ် ၊၊
မမြဲခြင်းတရား ကိုလည်း လက်ခံပါတယ် ၊၊ ကျွန်တော်တို့ အားလုံးတစ်နေ့ မလွှဲမသွေ ကြုံတွေ့ ရင်ဆိုင်ရကြမယ့် အရာ
တစ်ခုပါပဲလေ၊၊ ၊၊
စည်းဝါးကိုက်ခြင်း
ဘ၀မှာ တစ်ချို့ရက်များက ကျွန်တော့်အတွက် တိမ်ကင်းစင်ပြီး နေ သာပါတယ်၊၊ တစ်ချို့ရက်များက တော့
ကျွန်တော့်အတွက် မှိုင်းညှိ့ပြီး တိမ်ထူထပ်ပါတယ် ၊၊ ထိုနည်းတူစွာ ကျွန်တော်ရဲ့စိတ်အစဉ်ဟာ တစ်ချို့ရက်များ
မှာ အပူချိန်ဒီဂရီ လွန်ကဲမြင့်မားစွာဖြင့် တက်ကြွနေတတ်ပြီး ၊ တစ်ချို့ရက်များမှာတော့ ရေခဲမှတ် အထိရောက်
အောင် ယိုယွင်းပျက်စီး ကျဆင်းလို့နေတတ်ပါတယ်၊၊ ဒီရေလှိုင်းများ အတက်အကျ အရှိန်ပြင်းစွာ ရိုက်ခတ်
ပြောင်းလဲ နေသလိုပါပဲ ၊၊
တစ်ချို့ရက်များမှာ ကျွန်တော့် မျက်နှာကို အပြုံးများနဲ့တွေ့မြင်နိုင်ပါတယ် ၊၊ ဒီကာလများ အတွင်းမှာတော့
ကျွန်တော်ဟာ စေ့စပ် ညှိနှိုင်းမှုတွေ များစွာကို အောင်မြင်စွာ လုပ်ဆောင်နိုင်ပါတယ်၊၊ ပြောဆို ဆက်ဆံမှုတွေ
ဟာလည်း များစွာ အဆင်ပြေချောမွေ့နေတတ်ပါတယ် ၊၊ တစ်ခြားသူများကို ကြည်လင်ဖော်ရွှေစွာ ပြုံးပြနှုတ်
ဆက်နိုင်ပါတယ်၊၊ ကိုယ့်ကိုကိုယ် လည်း ရယ်ရယ်မောမော အရွှန်းဖောက်နိုင်ပါတယ်၊၊ လေ့လာ သင်ယူမှုများ
စွာကိုလည်း ကောင်းစွာ လုပ်ဆောင်နိုင်ပါတယ် ၊၊ ကျွန်တော့်စိတ်တွေဟာလည်း အချုပ်အနှောင်မရှိ လွတ်လပ်
ပေါ့ပါးလို့ နေခဲ့ပါတယ်၊၊ အရာရာကို သည်းခံ စိတ်ရှည်မှု အပြည့်ပါပဲ ၊၊
တစ်ချို့ရက်များစွာလည်း ရှိခဲ့ပါသေးတယ်၊၊ ထူထဲလှတဲ့ ဂွမ်းစောင်ကြီး ကို တစ်ကိုယ်လုံးခြုံကာ အနက်ရှိုင်းဆုံး
တစ်ရာမှာသာ ငြိမ်သက်စွာ လဲလျောင်းနေချင်မိပါတော့တယ် ၊၊ ဘယ်သူနဲ့မှလည်း စကားမပြောလို ၊ဘယ်သူနဲ့
မှလည်း မတွေ့လိုဘဲ အဝေးဆုံးကို ထွက်သွား ချင်မိပါတယ်၊၊ တစ်ခါတစ်ရံ ကိုယ့်ကိုကိုယ်လည်း လုပ်ဆောင်စရာ
ကိစ္စများပြားလွန်းလှတဲ့ သူတစ်ယောက်အဖြစ် နားလည်ရခက်စွာ ထင်မြင်မိပါသေးတယ်၊၊ နေ့စဉ်နေ့တိုင်း တောင်
တန်းများနဲ့တူတဲ့ အလုပ်ပေါင်းများစွာကို ခက်ခက်ခဲခဲ ကျော်ဖြတ်နေရသလိုပါပဲ ၊၊မောပန်းလွန်းလှပါတယ် ၊၊ ကြေကွဲ
ဝမ်းနည်း မှုများစွာကလည်း ကိုယ်ခန္ဓာအတွင်းမှ အားအင်များကို ဘယ်ကမှန်းမသိ အလိုလို စုပ်ယူဝါးမြို တတ်ကြ
ပါသေးတယ်၊၊ လှောင်ပိတ်နေတဲ့ အခန်းငယ်အတွင်းမှာ အသုံးမကျသူတစ်ယောက်ဟု ထပ်ခါထပ်ခါ ခေါ်နေတဲ့ အသံငယ်ပေါင်းများစွာကိုလည်း ကြားနေမိပါတယ်၊၊ ဆိုးဝါးလှတဲ့အသံတွေကို လျစ်လျုရှုပြီး ထိုနေ့ရက်များကို
ကျော်ဖြတ်ဖို့ အစွမ်းကုန် ကြိုးစားနေခဲ့ရပါတယ်၊၊ ရူးသွပ်မိုက်မဲစွာ တစ်ကိုယ်ကြား အော်ဟစ် အကူအညီ တောင်း
ခဲ့မိ ပါသေးတယ်၊၊
ဒါဟာ ကျွန်တော်ရဲ့ မျှော်လင့်ချက်တွေအားလုံး ကုန်ဆုံးကင်းမဲ့သွားတာမဟုတ်ပါဘူး၊၊ နောက်ထပ်နေ့ရက် အသစ်
ပေါင်းများစွာ လည်ပတ်ရောက်ရှိလာအုံးမယ် ဆိုတာကို ကျွန်တော်ဟာ ကောင်းစွာ သိနေ သဘောပေါက်နေခဲ့ပါတယ်၊၊ ထိုနေ့သစ်များကိုတော့ ကျွန်တော်ပိုင်ဆိုင်တဲ့ "ငါ" ဆိုတဲ့ အတ္တအစွဲကို ခ၀ါချကာ ဖြူစင်တဲ့သုညဘ၀နဲ့ ကြိုးစားနေထိုင်
ကြည့်ချင်ပါ သေးတယ်၊၊ ဒီ အခိုက်အတန့်ကာလတွေမှာပဲ အမှောင်ထုတွေ တစ်ဖြည်းဖြည်းနဲ့ ကျွန်တော့်အပါးက
လွင့်ပါးထွက်ခွာစ ပြုလာပါတော့တယ်၊၊ ကျွန်တော်ကြိုးစားပြီး အသက်ရှုသွင်း နေမိပါတယ်၊၊ ၀င်သက် ထွက်သက်များကို
တစ်ဖြည်းဖြည်းချင်း ရေတွက်နေခဲ့မိပါတယ်၊၊ တစ်ဖြည်းဖြည်းနဲ့ အလင်းရောင်တန်းကို ၀ိုးတစ်ဝါးပြန်လည် မြင်တွေ့စ
ပြု လာပါတယ်၊၊ ကိုယ့်ကိုကိုယ် စိတ်ထဲကတီးတိုး အားပေးနေမိပါတယ်၊၊ ကျွန်တော် အသက်ရှိ ရှင်သန်နေတုန်းပါပဲ ၊၊
ဒီစကြ၀ဠာ ကြီးထဲရှိ သက်ရှိသက်မဲ့ အရာတွေအားလုံး ကွဲပြားခြားနားတဲ့ စံချိန် (Timer) များစွာ နဲ့ ဟန်ချက် အညီ
(Synchronize) ဖြစ်တည် ရပ်တည်နေကြသလို၊ ကျွန်တော်လည်း လူ့လောကဘ၀ အတက်အကျ စိမ်ခေါ်မှု အသံ
ပေါင်းများစွာနဲ့အတူ ဟန်ချက်အညီ စည်းဝါးကိုက် သီဆို ကပြနေခဲ့ပါတယ် ၊၊ ၊၊
စိတ်ကူးစိတ်သန်း
ကျွန်တော်တို့ရဲ့ ကံကြမ္မာကို ပြောင်းလဲပစ်ဖို့ ဒါမှမဟုတ် တစ်ချိန်တည်းမှာ တိုးတက်အောင် ပြုလုပ်ဖို့ ဖြစ်တန်ချေ
တစ်စုံတစ်ရာ ရှိနိုင်ပါသလား ၊၊ သတ္တလောက ဘ၀ကြီးထဲ တစ်စုံတစ်ရာ ဖြစ်တည်ရှိလာ နဲ့တစ်ပြိုင်နက် ထိုအရာကို ချက်ချင်းပြောင်းလဲယူဖို့ ၊တိုးတက်အောင်လုပ်ယူဖို့ဆိုတာ အလွန်တရာမှခက်ခဲလှမှာပါ ၊၊ထိုပြောင်းလဲမှုမျိုးကိုလည်း
ကျွန်တော်တို့တွေ ကိုယ်တိုင်မြင်တွေ့နိုင်ရမှလည်း နားလည်လက်ခံပေးလို့ ရမှာပါ ၊၊ပြောင်းလဲမှုတွေကို ကျွန်တော်
တို့နောက်ထပ် မမြင်တွေ့နိုင်တော့မယ့် အချိန်ကာလဟာ ပျက်ဆီးခြင်း(သို့) သေဆုံးခြင်းကာလပါပဲ ၊၊ ဆိုလိုတာက
တော့ ပျက်ဆီးခြင်း(သို့) သေဆုံးခြင်းဟာ ပြောင်းလဲခြင်းတစ်ခုမျှ သာဖြစ်ပါတယ် ၊၊
ထိုပြောင်းလဲခြင်းတွေ နောက်ကို ကျွန်တော်တို့ မလိုက်သွားနိုင်ခဲ့ပါဘူး ၊၊အချိတ် အဆက်တွေ ကိုလည်း မမြင်တွေ့နိုင်
လိုက်ပါဘူး ၊၊ပုံဖော်တွက်ချက်မှုတွေ ကိုလည်းမလုပ်လိုက်နိုင်ပါဘူး၊၊ဒါကြောင့်လည်း ကျွန်တော်တို့တွေဟာ နိဂုံးချုပ်မှာ
ပြီးဆုံးခြင်း ၊အဆုံးသတ်ခြင်း စကားလုံးများ အဖြစ်နဲ့သာ ပြောဆိုလက်ခံလိုက်ကြပါတယ် ၊၊ ဒါပေမယ့် ဘ၀ရဲ့အဆုံး
သတ်မှာ ဆုံးရှုံး ပြီးဆုံးသွားခဲ့ရတဲ့ အရာရာတိုင်းကို ပျက်ဆီးခြင်း ၊ သေဆုံးခြင်း အဖြစ်မှတ်ယူလို့မရပါဘူး ၊၊ တစ်ကယ်
တော့ ဒီစကားလုံးတွေ ဟာ ကျွန်တော်တို့တွေရဲ့ ကိုယ်ပိုင်ယူဆချက် ၊ စိတ်ကူးစိတ်သန်းတွေပါပဲ ၊၊ ကိုယ်ပိုင်ယူဆချက် စိတ်ကူးစိတ်သန်းတွေ အားလုံးဟာ တည်ငြိမ်ခိုင်မြဲမှု မရချိန် အတွင်းမှာသာ မှန်ကန်တတ် တာပါ၊၊ နက်နဲသိမ်မွေ့မှုတွေ၊ ဆန်းကြယ်မှုတွေ ကို နားလည်သဘောပေါက်တာ နဲ့တစ်ပြိုင်နက် ကိုယ်ပိုင်ယူဆမှု စိတ်ကူးစိတ်သန်းတွေ နောက်ထပ် တည်မြဲနိုင်တော့မှာ မဟုတ်ပါဘူး၊၊
ကျွန်တော်တို့ရဲ့စိတ်ကူးစိတ်သန်း ယူဆချက်တွေဖြစ်တဲ့ အစပြုခြင်း၊အဆုံးသတ်ခြင်း စကားလုံးများအားလုံးဟာ တစ်ခါ
တစ်ရံမှာ လွဲမှားနေတတ်ပါသေးတယ်၊၊ဘ၀အကြောင်းအရာများကိုပိုမို လေ့လာသင်ယူမိလေလေ ၊မှားနေတတ်တဲ့ ကိုယ်ပိုင်
ထင်မြင်ယူဆချက်၊ စိတ်ကူးစိတ်သန်းတွေကိုပိုမို နားလည်သဘောပေါက်မိလာ သလိုပါပဲ ၊၊ ဒါဟာ "မသင်ယူခြင်း နိယာမ"
တစ်ခုပါ ၊၊လူတစ်ချို့( ကိုယ်တိုင်အပါအ၀င်ပါ )ဟာကိုယ်သင်ယူတတ်မြောက်ခဲ့တဲ့ အရာအားလုံးအတွက် ကျေနပ်ဂုဏ်ယူ
တတ်ပါတယ် ၊၊နောက်ထပ် လေ့လာသင်ယူမှု ပြုလေလေ အသစ်အသစ်တွေကို ပိုမိုတွေ့ရှိလာရ စမြဲပါပဲ ၊၊သင်ယူခြင်း
အရာများ အားလုံးရဲ့ အဆုံးသတ်ဟာ " မသင်ယူခြင်း နိယာမ " အတွင်းမှာ ရှိနေတာ ကိုဖော်ပြနေသလိုပါ ၊၊
ကျွန်တော်တို့ တွေအားလုံးဟာ တူညီတဲ့ ကမ္ဘာကြီးပေါ်ရှိ ၊ တူညီတဲ့နေရောင်အောက်မှာအတူတစ်ကွ လမ်းလျှောက်နေ
ခဲ့ကြတာပါ ၊၊ဒါပေမယ့် ကွဲပြားခြားနားတဲ့ အမြင်များစွာတွေနဲ့ ကျွန်တော်တို့ဟာ ကမ္ဘာကြီးကို ကြည့်မြင်ခဲ့ ကြပါတယ် ၊၊
ကျွန်တော်တို့ရဲ့ မတူနိုင်တဲ့ဘ၀တွေနဲ့ စကားလုံးတိုင်းရဲ့ နားလည်မှု အဓိပ္ပါယ်တွေဟာလည်း ကွဲပြားမှုရှိ ကြမှာပါ ၊၊ဘာ
ပဲဖြစ်ဖြစ် ၊ ကိုယ့်ကိုကိုယ် နားလည်သဘောပေါက်သူ တစ်ယောက်အဖြစ် ကိုယ်ပိုင်ထင်မြင်ယူဆချက် စိတ်ကူးစိတ်သန်း
များစွာနဲ့ ဘ၀ကိုမှန်ကန်စွာ တိုးတက် ပြောင်းလဲယူတတ် နိုင်ပါစေဗျာ ၊၊ ၊၊
ပြောင်းလဲခြင်း
ဘ၀တစ်လျှောက် များပြားလွန်းလှတဲ့ ပြောင်းလဲခြင်း အမျိုးမျိုးကို လူတိုင်းလိုလို တွေ့ကြုံဖြတ်သန်းဖူးကြမှာပါ ၊၊
ကျွန်တော် ကိုယ်တိုင်လည်းအပါအ၀င် ပါ၊၊ ပြောင်းလဲခြင်း တစ်ချို့အတွက်ဆို ကိုယ်တိုင် မောင်းနှင်ခဲ့ပါသေးတယ် ၊၊
ပြောင်းလဲခြင်း တိုင်းကို ကျွန်တော်မလိုချင်ခဲ့ပါဘူး၊၊ မနှစ်မြို့ခဲ့ပါဘူး ၊၊ ကျွန်တော့်ဘ၀မှာ တစ်ချို့ ပြောင်းလဲခြင်းတွေ
ဟာ ကျွန်တော့်ကို မျက်ရည်ဝဲစေတယ် ။ နှလုံးသားကိုနာကျင်စေပါတယ် ။ စိတ်ဝိညာဉ်မှာ မေးခွန်းများစွာ အဖြစ်နဲ့
အမာရွတ် ထင်ကျန်စေပါတယ် ။ ရှိပါသေးတယ် ။ တစ်ချို့သော ပြောင်းလဲခြင်းတွေကတော့ ကျွန်တော့်ကို ပျော်ရွှင်
ဝမ်းမြောက်စေတယ် ။ တစိမ်စိမ့်တွေးပြီး ပီတိဖြစ်စေတယ် ။ကျေနပ်အားရစရာ ကောင်းလောက်အောင် ခန်းနားကြီး
ကြယ်မှုမျိုးတွေလည်း ပေးပြန်ပါသေးတယ် ။
ဘ၀မှာ တွေ့ကြုံလာရတဲ့ ပြောင်းလဲမှုတိုင်းကို ခံနိုင်ရည်ရှိရှိ လက်ခံကျော်ဖြတ်နိုင်ဖို့ ဆိုတာ ထင်သလောက်မလွယ်
ကူလှပါဘူး ၊၊ မျှော်လင့်မထားတဲ့ ပြောင်းလဲခြင်းမျိုးအတွက် အကျိုးဆက်အဖြစ်နဲ့ အတွေးတွေ ၊ ခံစားမှုတွေ ၊လုပ်ဆောင်
ချက်တွေ အပေါ်မှာပါ ထိခိုက်နာကျင် သက်ရောက်စေပါတယ် ။ ပြောင်းလဲခြင်း ဖြစ်ရပ်တစ်ခုစီတိုင်းဟာ ကိုင်တွယ်ဖြေရှင်းရ
နားလည္ရခက္တဲ့ ပုစ ၦာတစ္ပုဒ္စီ တြက္ရသလိုပါပဲ ။ စိတ်ဖိစီးမှုတွေ ၊ တွန်းအားပေးမှုတွေကို လည်း ပေးပြန်ပါသေးတယ် ။ စိမ်ခေါ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ ဘ၀ကြီးထဲမှာ ပြောင်းလဲခြင်းတွေ ဆိုတာအမြဲရှိနေမှာပါ။ ပြောင်းလဲမှု အကြောင်းအရာ
တွေအတွက် ဖိအားပေးခံရတာ များလာတဲ့အခါ လက်မခံနိုင်ဘဲ ပြင်းပြင်းထန်ထန် ကန့်ကွက်လာတတ်ကြတယ် ။ ရှေ့မှာ
အသင့် ကြိုစောင့်နေမယ့် ဖြစ်နိုင်ချေ ဖြစ်တန်ချေတွေ အပေါ် စိတ်လှုပ်ရှားတတ်လာကြတယ် ။သက်ရောက်လာမယ့် အကျိုးအကြောင်းတွေ အပေါ်ကြိုတင်တွက်ချက်လာကြတယ် ။တွေဝေတွန့်ဆုတ်မိ ကြပြန်ပါသေးတယ် ။ ဒါတွေအားလုံး
ကတော့ ကိုယ်ပိုင်အတွေးအခေါ် နဲ့စိတ်အမြင် လက်ခံမှုအပေါ်မှာ အဓိက ကျ မူတည် နေမှာပါ ။
အမှန်စင်စစ် ပြောင်းလဲခြင်း အရာတွေဟာ ကျွန်တော်တို့ အပေါ် နေ့စဉ်သက်ရောက်ဖြစ်ပျက်နေတာပါ။ ဒီအတွက်လည်း
ကျွန်တော်တို့ နေ့စဉ်နဲ့အမျှ ပြောင်းလဲပေးနေကြရတယ် ။ အခြေအနေ နဲ့ အကြောင်းအရာပေါ်မူတည်ပြီး သေးငယ်တဲ့ ပြောင်းလဲခြင်းတွေကိုလည်း လက်ခံနေကြရပြန်တယ် ။ ဘ၀ညီမျှခြင်းတွေထဲ အသစ်အသစ်တွေ တိုးဝင်လာကြတယ် ။
ဘာပဲဖြစ်ဖြစ်လေ ပြောင်းလဲခြင်းတွေဟာ ကျွန်တော့် ဘ၀ညီမျှခြင်းတွေအတွက်တော့ မပြောင်းလဲနိုင်မယ့် ကိန်းသေတွေပါပဲ။ တစ်ခါတစ်ရံမှာ ဒီကိန်းသေတွေနဲ့ ဘ၀ညီမျှခြင်းတွေညီအောင် ညှိတတ်ဖို့ ၊ လက်ခံထိန်းသိမ်းထားတတ်ဖို့ အတွက်တော့
အသေအချာ ဂရုစိုက်ဖို့လိုအပ်မယ်။ ။
ယစ်မူးစေခြင်း
လောကသဘာဝကြီးထဲမှာ ကျွန်တော်တို့ကို ယစ်မူးစေတတ်တဲ့ အရာပေါင်းများစွာ ရှိနေပါတယ်၊၊ ဒါပေမယ့် ထိုအရာ
ပေါင်း များစွာက ကျွန်တော့်တို့ လက်ရှိဘ၀ထက် ပိုမိုသာလွန်ပြီး ယစ်မူးစေနိုင်ခြင်း မရှိပါဘူး ၊၊ မနေ့က ဖြစ်ပျက်ခဲ့တဲ့
ကျွန်တော်တို့ရဲ့ ပျော်ရွှင်ခြင်း ၀မ်းနည်းခြင်း ၊ချမ်းသာခြင်း ဆင်းရဲခြင်းအစရှိတဲ့အရာအားလုံးဟာ တကယ်တော့အိပ်မက်
တစ်ခုလို ကျန်ရစ်စမြဲပါပဲ ၊၊ ကျွန်တော်အတွက်တော့ ဒီနေ့ အခြေအနေ အကြောင်းအရာတွေအပေါ်မူတည်ပြီးမှသာ
လက်ခံ ရေတွက်ခြင်းတွေကို ပြုနိုင်မှာပါ ၊၊ နှိုင်းယှဉ်မှုရလာဒ်တစ်ခု အနေနဲ့ ကျွန်တော်တို့ဘ၀ရဲ့ ယစ်မူးစေခြင်း ဆိုတဲ့အမှန်တရား တွေကို တွေ့နိုင်ပါတယ်၊၊
ဘ၀ရဲ့ အဆက်မပြတ်ဖြစ်ပေါ်နေတဲ့ မြင့်တက်ခြင်း နိမ့်ကျခြင်းများဟာ တသွင်သွင်စီးဆင်းနေတဲ့ ရေအလျှင် လိုပါပဲ ၊၊
ဖြစ်ခြင်း ပျက်ခြင်းအရာတွေဟာ ကျွန်တော့်အတွက်တော့အလျင်ပြင်းတဲ့စိတ်လှိုင်း တစ်ခုလိုပါ ၊၊ ပုံတစ်ခုကို ထပ်တူကျ
အောင် ရေးဆွဲအပြီးသတ်နိုင်ခြင်းမပြုမှီ ၊ အခြားတစ်ခုအတွက် စဉ်းစားခွင့်မပေးဘဲပြုလုပ်ဖို့ သူတို့တွေစေခိုင်းပါတော့တယ်၊၊
သူတို့(စိတ်အလျင်လှိုင်း)တွေဟာ တစ်ခါတစ်ရံ ခွန်အားအပြည့် ၊ ယုံကြည်မှုအပြည့်အ၀နဲ့ ကာလကြာရှည် စွာစေခိုင်းတတ်
သလို ၊ တစ်ခါတစ်လေမှာတော့ တစ်ရက် နှစ်ရက်သာရှည်ကြာပြီး လက်ရှိလုပ်နေတဲ့ အရာအားလုံးကို ဖျက်ဆီးမေ့ပျောက် စေပြန်ပါသေးတယ်၊၊ များပြားလှတဲ့ ဒီစိတ်အလျင် လှိုင်းတွေဟာ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်တဲ့နည်းတွေနဲ့ ကျွန်တော်ရဲ့
သိစိတ် မသိစိတ်အာရုံတွေကိုပါ ကျင့်သားရအောင်၊ ယှဉ်ပါးအောင် ပြုမူလုပ်ဆောင်ပါတော့တယ်၊၊ အဆိုးဆုံး မူးယစ်ဆေးဝါး
တွေထက် ကျွန်တော့်ကို တဖြည်းဖြည်းနဲ့တွယ်ကပ်ငြိလာအောင် ဖြားယောင်း ပါတော့တယ်၊၊
ဒီ မကောင်းဆိုးဝါး စိတ်လှိုင်းတစ်ချို့ကို ကိုင်ဆောင်စဉ်းစား ထိန်းသိမ်းထားသမျှ ကာလပတ်လုံး အဆုံးမဲ့ ယစ်မူးခြင်း
အရာအားလုံးဟာ ကျွန်တော့်ကိုယ်ထဲ သွေးထဲမှာ ၀င်ရောက်စီးဆင်းနေမှာပါ ၊၊ ဘယ်သူမှလည်း ကယ်တင်ကုသ
တည့်မတ် ပေးနိုင်စွမ်းရှိမယ်လို့မထင်မိဘူး ၊၊ စိတ်ဝင်စားတဲ့အကြောင်းအရာ တစ်ခုကို အိမ်မက်ထဲ တွေ့နေခိုက်မှာ တစ်စုံတစ်ယောက်က လာနှိုးလည်း အိပ်မက်ကို အဆုံးထိ စုံမက်ပြီး ဆက်မက်နေချင်မိသလိုပါပဲ၊၊ ပြင်းရှရှ ၀ိုင်တစ်ခွက်
ရဲ့ ယစ်မူးခြင်းအရသာထက် ပိုပြီး နှစ်ခြိုက်နေမိ ပါတော့တယ် ၊၊
ဘ၀ရဲ့ကွဲပြားတဲ့ ရှုထောင့်အမြင်ပေါင်းများစွာနဲ့ ယစ်မူးခြင်းအရာပေါင်းများစွာကို ထင်ရှားပြတ်သားစွာ တွေ့မြင်နိုင်မှာပါ၊၊ တစ်ခါတစ်ရံမှာ ကျွန်တော့်ကိုယ်ပိုင်ဘ၀ဟာ ကျွန်တော့်အတွက် ကြောက်စရာ အကောင်းဆုံး ယစ်မူးစေတဲ့ အရာတစ်ခုပါပဲ ၊၊ ၊၊
ပန်းတွေ ဖူးရာကနေ ပွင့်ကြတယ်၊ အစွမ်းကုန် လှသွေးကြွယ်ပြီး အချိန်တန်တော့ ညှိုးမယ်။ ကျွန်တော်တို့လည်း နှစ်ဟောင်းကို နှုတ်ဆက်လိုက်တာနဲ့ တစ်နှစ်တော့ ထပ်အိုသွားကြတယ်။ ဒါကြောင့် ဘယ်အရာကမှ ထာဝရ ဆိုတာ မရှိပါဘူး။ မတည်မြဲတဲ့ ကျွန်တော်တို့ လူ့လောကထဲမှာ ရောက်စဉ်ခဏ အဓိပ္ပါယ်ရှိရှိ ဖြတ်သန်းနိုင်ရင်ပဲ အလှတရား ဆိုတာကို တွေ့ရမှာ ဖြစ်တယ်။ အဲဒီ အလှတရား တွေကသာလျှင် ဘဝကို ရှည်ကြာစေပြီး နေပျော်တဲ့ ရှင်သန်မှုကို ဖြစ်စေမှာ အမှန်ပါ။ အဆိုးတွေရော အကောင်းတွေနဲ့ပါ ရောပြွန်းနေတဲ့ နှစ်ဟောင်းကို ပျော်ရွှင်စွာနဲ့ပဲ ဖြတ်ကျော်လာခဲ့တယ်။ ရှေ့မှာ စောင့်နေတဲ့ ကျွန်တော်တို့ ရင်ဆိုင်တွေ့ရမယ့် နှစ်သစ်ကို လှပပြီး အောင်မြင်တဲ့ နေ့သစ်တွေပဲ ဖြစ်စေချင်တာ ဆန္ဒမှန်ပါ။ ဒါကြောင့် နှစ်သစ်မှာ အောင်မြင်လိုသူတွေ အတွက် ရှောင်ကျဉ်ရမယ့် အချက်တွေကို မျှဝေ ပေးလိုက်ပါတယ်။
(၁) စွန့်စားရန် သတ္တိမရှိခြင်း ( Unwillingness to take risks )
(၂) ဇွဲမရှိခြင်း ( Lack of persistence )
(၃) ချက်ချင်းစိတ်ကျေနပ်မှုကိုသာကြည့်ခြင်း ( Instant gratification )
(၄) ဦးစားပေးရွေးချယ်မှုမရှိခြင်း ( Lack of priorities )
(၅) ဖြတ်လမ်းလိုက်တတ်ခြင်း ( Looking for shortcuts )
(၆) တစ်ကိုယ်ကောင်းဆန်ခြင်း၊ လောဘကြီးခြင်း ( Selfshness and greed )
(၇) ခိုင်မာစွာ ယုံကြည်မှု မရှိခြင်း ( Lack of conviction )
(၈) သဘာဝ၏ ဥပဒေသများ (သဘာဝနိယာမများ)ကို နားမလည်ခြင်း ( Lack of understanding of nature's laws )
(၉) ကြိုတင်ပြင်ဆင်ရန် စိတ်မပါခြင်း ( Unwillingness to plan and prepare)
(၁၀) အကြောင်းပြခြင်း၊ ဆင်ခြေပေးခြင်း ( Rationalizing)
(၁၁) အတိတ်က အမှားများကို သင်ခန်းစာ မယူခြင်း ( Not learning from past mistakes )
(၁၂) အခွင့်အလမ်းကို မမြင်ခြင်း ( Inability to recognize opportunity )
(၁၃) ကြောက်စိတ် ( Fear )
(၁၄) ဗီဇစွမ်းရည်များကို အသုံးမချတတ်ခြင်း ( Inability to use talents )
(၁၅) စည်းကမ်းမရှိခြင်း ( Lack of discipline )
(၁၆) ကိုယ့်ကိုယ်ကိုယ် မြတ်နိုးလေးစား တန်ဖိုးထားမှု မရှိခြင်း ( Lack of self-esteem )
(၁၇) ဗဟုသုတမရှိခြင်း ( Lack of knowledge )
(၁၈) ဒုက္ခရောက်မယ့် ခံယူချက်သဘောထား ရှိခြင်း ( Fatalistic attitudes )
(၁၉) ရည်ရွယ်ချက် ကင်းမဲ့ခြင်း ( Lack of purpose )
(၂၀) သတ္တိမရှိခြင်း ( Lack of courage )
ရှင်သန်နေရသမျှ အချိန်တိုင်းကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ကြဖို့ ဆန္ဒပြုပါတယ်။ မွန်မြတ်တဲ့ လူမှုရေး လုပ်ငန်းတွေကို စိတ်အား ထက်သန်စွာနဲ့ တတ်အားသရွေ့ ကူညီဆောင်ရွက် နိုင်သူများ ဖြစ်ကြစေဖို့ ဆန္ဒပြုပါတယ်။ နှစ်သစ်မှာ စာဖတ်သူအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြစေဖို့ ဆန္ဒပြုပါတယ်။
ဘ၀အမောတွေ ကြားမှာ ဆင်ခြင်လို့ ပြုံးပျော်နိုင်ကြပါစေ ....
No comments:
Post a Comment